Smartphone တွေမှာပါလာတဲ့ Virtual RAM ဆိုတာဘာလဲ၊ ဘယ်လိုအကျိုးရှိလဲ

Virtual RAM ဆိုတာဟာ Smartphone လောကနဲ့ စိမ်းမနေတော့ပါဘူး။ ဒီလုပ်ဆောင်ချက်ဟာ PC တွေမှာ အချိန်အတော်ကြာကတည်းက ရှိနေခဲ့ပေမယ့် Smartphone တွေပေါ် ကျယ်ကျယ်ပြန့်ပြန့် သုံးလာတာတော့ မကြာသေးပါဘူး။ Smartphone ထုတ်လုပ်သူတွေအနေနဲ့ ဒီလုပ်ဆောင်ချက်ကို ကြော်ငြာဖို့ နာမည်အမျိုးမျိုး သုံးကြပေမယ့် အခြေခံအားဖြင့် လုပ်ဆောင်ချက်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ အလည်အလတ်စားဖုန်းတွေမှာ ဒီ Virtual RAM လုပ်ဆောင်ချက်ကို ပထမဆုံး မိတ်ဆက်ခဲ့ပြီး နောက်ပိုင်း အချို့ အမြင့်ပိုင်းဖုန်းတွေမှာပါ တဖြည်းဖြည်းနဲ့ ပါဝင်လာပါတယ်။ အဲ့ဒီတော့ Virtual RAM ဆိုတာ ဘာလဲ။

Virtual RAM ဆိုတာ ဘာလဲ

Virtual RAM ဆိုတာက ပုံမှန် RAM တွေလိုမျိုး Device ပေါ်မှာ (ဒီနေရာမှာတော့ ဖုန်းပေါ်မှာ) Hardware ပိုင်းအနေနဲ့ သီးသန့်မရှိဘဲ လိုအပ်ချိန်မှာ အသုံးပြုဖို့ပေါ်လာတဲ့ RAM အမျိုးအစားပဲ ဖြစ်ပါတယ်။ RAM ဆိုတာ ဘာလဲ မသိသေးတဲ့သူတွေအနေနဲ့ RAM (Random Access Memory) ဆိုတာ အလွန်လျင်မြန်တဲ့ Storage အမျိုးအစားတခုဖြစ်ပြီး ဒေတာတွေကို ယာယီအားဖြင့် သိမ်းထားပေးတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဒါဟာ ဒေတာတွေကို အမြဲတမ်းသိမ်းထားပေးတဲ့ Internal Storage နဲ့ မတူတဲ့ အချက်ပဲ ဖြစ်ပါတယ်။ RAM တွေဟာ ဒေတာတွေကို အမြဲတမ်း သိမ်းထားပေးနိုင်တဲ့ eMMC တို့ UFS 3.1 တို့ထက်အများကြီး ပိုမြန်ပါတယ်။ အခြေခံအားဖြင့် Internal Storage တွေဓာတ်ပုံတွေ Video တွေလိုမျိုး ဒေတာတွေကို သိုလှောင်ဖို့ အသုံးပြုတာဖြစ်ပြီး RAM ကတော့ ဘယ် Application တွေကို ဖွင့်ထားတယ်၊ နောက်ဆုံးဖွင့်ခဲ့တုန်းက ဘာတွေလုပ်နေတယ်ဆိုတဲ့ အချက်အလက်တွေကို ခဏတာ မှတ်သားထားပေးဖို့ အသုံးပြုတာဖြစ်ပါတယ်။

RAM တွေဟာ ဒီလိုမျိုး လုပ်ခြင်းအားဖြင့် Applications တွေကို ဖွင့်ရာမှာ မြန်နိုင်သမျှ မြန်အောင် လုပ်ဆောင်ပေးပါတယ်။ Application တခုခုကို ဖွင့်လိုက်တာနဲ့ အဲ့ဒီ Application ကို RAM ထဲမှာ ခဏသိမ်းထားပြီး အလျင်အမြန် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားနိုင်ပါတယ်။ နည်းပညာပိုင်းအရပြောမယ်ဆိုရင် RAM ပိုများလေ Application တွေအများကြီးကို နောက်ကွယ်မှာဖွင့်ထားနိုင်လေဖြစ်ပြီး လိုအပ်တဲ့အချိန်မှာ လေးကွေးခြင်းမရှိဘဲ အလျင်အမြန် ဖွင့်လှစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Virtual RAM တွေထားရှိပေးတာရဲ့ ရည်ရွယ်ချက်က RAM တွေ ပိုလိုလာတဲ့အခါမှာ လိုအပ်တဲ့ RAM ကို Hardware ပိုင်းအနေနဲ့ ပိုထည့်ပေးမထားပဲ ဘယ်လိုရအောင်လုပ်ဆောင်မလဲဆိုတာကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ဥပမာ ကိုယ်ဆော့နေတဲ့ ဂိမ်းက RAM 8GB လိုအပ်တယ်။ ဒါပေမယ့် ဖုန်းမှာက RAM 6GB ပဲပါတယ်။ အဲ့တော့ ဒီဂိမ်းကို ကောင်းကောင်းဆော့နိုင်ဖို့ လိုအပ်တဲ့ RAM 2GB ကို ဘယ်လိုရမလဲဆိုတာပါပဲ။ RAM ဆိုတာ SD Card လိုမျိုး Hardware ပိုင်းပစ္စည်းတခုဖြစ်တာကြောင့် အခြေခံအားဖြင့် အစကတည်းက ထည့်မထားရင် ထပ်တိုးဖို့မဖြစ်နိုင်ပါဘူး။ ဒါကိုဖြေရှင်းဖို့ ဖုန်းမှာပါတဲ့ Internal Storage ရဲ့ တပိုင်းတစကို RAM အဖြစ် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒါကို Virtual RAM လို့ ခေါ်ပါတယ်။ အဲ့ဒါဆို ကိုယ့်ဖုန်းမှာ Virtaul RAM ပါမပါ ဘယ်လိုသိနိုင်မလဲ။ ဒီနေရာမှာ ဖုန်းထုတ်လုပ်သူတွေဟာ Marketing ပိုင်းအရ နာမည်အမျိုးမျိုးနဲ့ ခေါ်ဆိုကြတာကြောင့် ကိုယ့်ဖုန်းမှာ ဘယ်လိုခေါ်လဲဆိုတာ နည်းနည်းလေ့လာဖို့ လိုပါတယ်။ ဥပမာအားဖြင့် Samsung အနေနဲ့ RAM Plus လို့ခေါ်ပြီး၊ Realme ကတော့ Dynamic RAM Expansion ဆိုတဲ့ အသုံးအနှုန်းကို သုံးပါတယ်။ Vivo ကတော့ Virtual RA‌‌M လို့ပဲ ခေါ်ပါတယ်။

Android မှာ Virtual RAM ဘယ်လို အလုပ်လုပ်သလဲ

Virtual RAM ဘယ်လိုလုပ်သလဲဆိုတာ အထက်က ပြောခဲ့သလိုပဲ Internal Storage ထဲကနေ 4GB, 6GB စသဖြင့် ပမာဏအချို့ကို ဖဲ့ယူပြီးအသုံးပြုတာဖြစ်ပါတယ်။ ဒါပေမယ့် Virtual RAM ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အပြည့်အ၀ နားလည်နိုင်ဖို့ ပထမဆုံးအနေနဲ့ Android တွေမှာ Memory Management ကို ဘယ်လိုလုပ်ဆောင်သလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။

Android Device တခုမှာ Memory အမျိုးအစား ၃ ခု ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ RAM (LPDDR4,LPDDR4x), Internal Storage (eMMC or UFS) နဲ့ zRAM တို့ပဲ ဖြစ်ပါတယ်။ zRAM ဆိုတာက RAM ထဲမှာရှိတဲ့ Partition အပိုင်းလေးတခုဖြစ်ပြီး နောက်ကွယ် Background မှာ Run နေတဲ့ ဦးစားပေးမဟုတ်တဲ့ ဒေတာတွေ (App တွေ) ကို Compressed လုပ်ပြီး သိုလှောင်ပေးဖို့ ဖြစ်ပါတယ်။ ဘာအတွက် ဒီလိုမျိုး လုပ်ရသလဲဆိုတော့Application ဒါမှမဟုတ် ဂိမ်းတခု Run ဖို့ အတွက် RAM မှာ နေရာအလွတ်မလုံလောက်တော့တဲ့အခါ နေရာလွတ် ပိုထွက်လာဖို့ အတွက် ဒီလိုမျိုး အရေးမကြီးတဲ့ နောက်ကွယ်က App တွေကို Compressed လုပ်ပြီး zRAM ပေါ်မှာပြောင်းသိမ်းလိုက်ပါတယ်။ အရေးကြီးမကြီး ဆုံးဖြတ်ဖို့ နောက်ကွယ် Background မှာ ရောက်နေတဲ့ App ကို User က ပြန်ဖွင့်ကြည့်မကြည့်ပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။ RAM ဟာ ဓာတ်ပုံတွေ Video တွေလိုမျိုး ဒေတာတွေကိုအမြဲတမ်းသိမ်းထားပေးနိုင်တဲ့ Internal Storage (EMMC, UFS ) တွေထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး Data တွေ Application တွေကို Compressed လုပ်တာ၊ လိုအပ်ချိန်မှာ Uncompressed လုပ်တာတွေရှိတာတောင်မှ Internal Storage မှာ သိမ်းတာထက် ပိုမြန်ပါတယ်။

Photo: Digital Trend

Android တွေမှာ Memory တွေကို စီမံခန့်ခွဲဖို့ Paging လို့ခေါ်တဲ့ Process တခုကို အသုံးပြုပါတယ်။ Paging ဆိုတာ RAM ကို Page လို့ခေါ်တဲ့ စာမျက်နှာ အပိုင်းအစလေးတွေအဖြစ် ပြောင်းလဲလိုက်တာဖြစ်ပြီး အဲ့ဒီ Page တခုစီဟာ 4KB လောက် အရွယ်အစားရှိပါတယ်။ လွယ်လွယ်နားလည်အောင်ပြောရရင် စာရွက်လေးတွေစုပြီး ချုပ်ထားတဲ့ စာအုပ်တအုပ်လိုမျိုး ယူဆလို့ရပါတယ်။ RAM ဘယ်လောက် အသုံးပြုနေသလဲဆိုတာကို သိဖို့ ဒီ Page လို့ခေါ်တဲ့ဟာလေးတွေ ဘယ်လောက်ကို အသုံးပြုပြီး ဘယ်လောက် အလွတ်ကျန်နေသလဲဆိုတာပေါ်မူတည်ပြီး တိုင်းတာတာဖြစ်ပါတယ်။ Android တွေမှာ RAM အလွတ်ဘယ်လောက်ကျန်လဲဆိုတာ Recent Apps တွေရဲ့ အောက်ခြေမှာ ကြည့်နိုင်ပါတယ်။

Photo : Digitaltrends

Page တွေကို “Clean Page” နဲ့ “Dirty Page” ဆိုပြီး နှစ်မျိုး ခွဲလို့ရပါတယ်။ Clean Page ဆိုတာကတော့ Internal Storage မှာ သိမ်းထားတဲ့ ဒေတာတွေကို ပြုပြင်ထားတာမျိုးမရှိဘဲ ပွားယူထားပြီး Dirty Page ဆိုတာကတော့ ပြုပြင်ထားတဲ့ ‌ေဒတာတွေကို ပွားယူထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ Clean Page မှာ ရှိတဲ့ ပွားယူထားတဲ့ ဒေတာတွေဟာ ပြောင်းလဲမှုမရှိဘဲ အသေဖြစ်ပြီး Dirty Page မှာရှိတဲ့ ပွားယူထားတဲ့ ဒေတာတွေကတော့ အမြဲ ပြောင်းလဲနေပါတယ်။ ဥပမာ Facebook ကို ဖွင့်လိုက်မယ်ဆိုရင် Internal Storage မှာ ရှိနေတဲ့ Facebook ရဲ့ ဒေတာတွေကို RAM ပေါ် ကူးယူလိုက်ပါတယ်။ ဒီအချိန်မှာ RAM ပေါ်မှာရောက်သွားတဲ့ Facebook ရဲ့ ဒေတာတွေနဲ့ Internal Storage ပေါ်မှာရှိတဲ့ ဒေတာတွေဟာ ပြောင်းလဲမှုမရှိဘဲ အတူတူပဲဖြစ်ပါတယ်။ ဒါကိုကြည့်ပြီး Facebook ဟာ Clean Page ကို အသုံးပြုတယ်လို့ ပြောလို့ရပါတယ်။ Spotify လိုမျိုး Streaming လုပ်တဲ့ App တွေအနေနဲ့ RAM ပေါ်ရောက်သွားတဲ့အခါ Internal Storage မှာရှိတဲ့ ဒေတာတွေနဲ့ အတူတူမဟုတ်တော့ဘဲ လိုအပ်သလို ပြောင်းလဲနေတာကြောင့် သူတိူ့ဟာ Dirty Page ကို အသုံးပြုပါတယ်။ Android အနေနဲ့ Clean Page မှာရှိတဲ့ ဒေတာတွေကို အသုံးပြုဖို့ မလိုအပ်တော့တဲ့ အချိန်မှာ ရှင်းထုတ်ပြီးတော့ RAM မှာ Space ပိုထွက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ Dirty Page မှာရှိတဲ့ ဒေတာတွေကိုတော့ အလွယ်တကူ ရှင်းထုတ်လို့မရဘဲ zRAM ပေါ်ကို Compressed လုပ်ပြီး ပို့လိုက်ပါတယ်။ Compressed လုပ် ချုံ့လိုက်တာကြောင့် RAM မှာ လိုအပ်တဲ့ Space ပိုထွက်လာပါတယ်။

Clean Page မှာရှိတဲ့ ဒေတာတွေဟာ Storage ပေါ်မှာရှိတာနဲ့ အတူတူဖြစ်တာမို့ Free Space လိုလာချိန်မှာ RAM ထဲက ဖယ်ထုတ်လိုက်ပါတယ်

ဒီလိုရှင်းပြတာ နားရှုပ်သွားမယ်ဆိုရင် နားလည်လွယ်အောင် လက်တွေ့အခြေအနေတွေနဲ့ ရှင်းပြပေးပါ့မယ်။ ဥပမာအနေနဲ့ Facebook ကို ဖွင့်ပြီး ကိုယ့် Timeline ကို ကြည့်နေတယ်ဆိုပါစို့။ အဲ့လို ကြည့်နေရင်းကနေ တခြား App တခုခုကို ပြောင်းဖွင့်လိုက်ပေမယ့် Facebook ဟာ RAM ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် တခြား App တွေကို သုံးနေပြီး သူ့ကို ပြန်မဖွင့်တာ ကြာလာမယ်ဆိုရင် RAM ထဲမှာ သူ့ရဲ့ ဦးစားပေးအဆင့်အတန်းက နိမ့်သွားမှာဖြစ်ပါတယ်။ နောက်ထပ် App တွေ ထပ်ဖွင့်တဲ့အခါ RAM မှာ နေရာလွတ်ရှိဖို့ လိုအပ်လာပါတယ်။ ဒီအခါမှာ Android ဟာ ဦးစားပေးအဆင့်အတန်းနိမ့်သွားတဲ့ Facebook က သုံးနေတဲ့ Memory ကို ပြန်ယူဖို့ လိုအပ်လာပါတယ်။ ဒီလိုပြန်ယူဖို့ လိုအပ်လာချိန်မှာ Facebook ရဲ့ အချက်အလက်တွေကို Internal Storage ဆီ ပြန်ပြောင်းထားလိုက်ပါတယ်။ အဲ့ဒါကြောင့်မို့ Facebook ကို နောက်တကြိမ်ပြန်ဖွင့်ချိန်မှာ ရောက်နေခဲ့တဲ့ Timeline နေရာကို ခဏပြန်ပြပြီး နောက် Timeline အသစ်ကို ပြောင်းပြပေးတာ ဖြစ်ပါတယ်။ Twitter တို့၊Reddit တို့၊ တခြား Calculatar ၊ Note စတဲ့ App တွေဟာ လည်း အခုလို အတူတူပဲ ဖြစ်ပါတယ်။ ဒီ App တွေဟာ ပွားထားတဲ့ ဒေတာတွေကို ပြောင်းလဲခြင်းမရှိဘဲ Storage ထဲမှာ သိမ်းဆည်းထားတာကြောင့် Clean Page ကို အသုံးပြုပါတယ်။

Dirty Page မှာရှိတဲ့ ဒေတာတွေကတော့ အချိန်နဲ့အမျှ ပြောင်းလဲနေတာကြောင့် Free Space လိုအပ်လာချိန်မှာ App ကို ချုံ့ပြီး zRAM ပေါ်ကို ပို့ပစ်ပါတယ်

Dirty Page ကို ရှင်းပြဖို့ Spotify တို့ YouTube တို့လို App တွေနဲ့ ဥပမာပြနိုင်ပါတယ်။ Spotify ကို ဖွင့်ပြီး သီချင်းနားထောင်နေမယ်။ အဲ့နောက် တခြား App တခုခုကို ပြောင်းဖွင့်လိုက်မယ်ဆိုရင် Sptify ဟာ နောက်ကွယ်ရောက်သွားပေမယ့် RAM ကို အသုံးပြုနေဆဲဖြစ်ပါတယ်။ တခြား App တွေ ထပ်ထပ်ဖွင့်လို့ RAM ရဲ့ Free Space နည်းလာရင်တောင် ဒီလိုမျိုး App တွေဟာ RAM ကို အချိန်နဲ့အမျှ လိုအပ်သလို အသုံးပြုနေတာကြောင့် သူတို့ကို ပိတ်ပစ်လိုက်လို့ မရပါဘူး။ ဒါကြောင့် RAM မှာ Free Space လိုလာတဲ့အခါ Android အနေနဲ့ ဒီလို App တွေကို ချုံ့ပစ်လိုက်ပြီး zRAM ပေါ်ကို ပို့လိုက်ပါတယ်။ (နည်းပညာပိုင်းအရပြောမယ်ဆိုရင်တော့ Dirty Page တွေကို ချုံ့ပြီး zRAM ပေါ် ပို့ပေးလိုက်တာဖြစ်ပါတယ်)။ zRAM ဆီ ပို့လိုက်ချင်းအားဖြင့် ဒီ App တွေဟာ နောက်ကွယ်မှာ ပိတ်မသွားဘဲ ဖွင့်ထားနိုင်မှာဖြစ်ပြီး လိုအပ်တဲ့ Free Space လည်း ထွက်လာမှာဖြစ်ပါတယ်။

Photo : Guidingtech

zRAM ဟာလည်း RAM ထဲမှာပဲ ရှိနေတာကြောင့် ဒီလိုမျိုး ချုံ့ထားတဲ့ App တွေ (နည်းပညာပိုင်းအားဖြင့် Dirty Page) များလာတဲ့အခါ မဆန့်တော့တာ ဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ Virtual RAM ဆိုတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလာကြတာ ဖြစ်ပါတယ်။ Virtual RAM ဆိုတာကတော့ Internal Storage ကို အပို zRAM အဖြစ် ပြောင်းလဲလိုက်ပြီး ခွဲယူ အသုံးပြုတာ ဖြစ်ပါတယ်။ စျေးသက်သာတဲ့ ဖုန်းတွေမှာ RAM ပမာဏ ပါဝင်တာ နည်းတာကြောင့် စမတ်ဖုန်းထုတ်လုပ်သူတွေဟာ RAM ကို Virtual အားဖြင့် တိုးနိုင်အောင် ဒီနည်းပညာကို အသုံးပြုကြတာဖြစ်ပါတယ်။ တခုသိထားရမှာက အခုလို Virtual RAM တိုးလိုက်တာဟာ ဖုန်းမှာ တကယ်ရှိနေတဲ့ Physical RAM တိုးလာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် Virtual RAM လုပ်ဆောင်ချက်ကို ဖွင့်ပြီး အသုံးပြုပေမယ့်လည်း ဖုန်းမှာ ပါလာတဲ့ Physical RAM ဟာ အရင်ကအတိုင်းပဲ ရှိနေမှာ ဖြစ်ပါတယ်။

Virtual RAM ဟာ ဖုန်းအတွက် အကျိုးရှိလား

ဒီ Virtual RAM လုပ်ဆောင်ချက်ဟာ သင့်ဖုန်းပေါ်မှာ App တွေကို ပိုပြီး Run နိုင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် အမြင့်ပိုင်း Flagship Smartphone တွေမှာတော့ သိပ်တွေ့ရလေ့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အနိမ့်စား စမတ်ဖုန်းတွေမှာ RAM ပါဝင်မှု နည်းတာကြောင့်အခုလိုမျိုး Virtual RAM လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားတာ အကျိုးရှိနိုင်ပြီး အမြင့်ပိုင်း စမတ်ဖုန်းတွေမှာတော့ RAM ဟာ 12GB ဒါမှမဟုတ် 16GB လောက်ပါဝင်တာကြောင့် ဒီလုပ်ဆောင်ချက်ဟာ ထူးထူးခြားခြား ပြောင်းလဲသွားစေမှာမဟုတ်ပါဘူး။

Virtual RAM ဟာ Game ဆော့တာအတွက် ပိုကောင်းလား

Virtual RAM ဟာ Game ကစားတာအတွက် Performance ကို သိသိသာသာ ကောင်းလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ကွယ်မှာ App တချို့ကို ပိတ်မသွားဘဲ ဖွင့်ထားစေနိုင်ဖို့အတွက်တော့ အထောက်အကူပြုပေးနိုင်ပါတယ်။ Game ကစားရာမှာ Performance ကောင်းချင်တာအတွက်ဆိုရင်တော့ RAM ကို Clear လုပ်ပစ်တာက ပိုသိသာစေနိုင်ပါလိမ့်မယ်။ Virtual RAM လုပ်ဆောင်ချက်ကတော့ Game ကစားတာကို ထူးထူးခြားခြား ကောင်းလာစေမှာ မဟုတ်ပါဘူး။

Virtual RAM လုပ်ဆောင်ချက်ဟာ အခုမှပေါ်လာတဲ့ နည်းပညာအသစ်တော့ မဟုတ်ပါဘူး။ ကွန်ပျူတာတွေမှာ ဒီနည်းပညာကို အသုံးပြုနေကြတာ ကြာပြီး ဖြစ်ပြီး Root လုပ်ထားတဲ့ စမတ်ဖုန်းတွေမှာလည်း အရင်ကတည်းက ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ ဒီလုပ်ဆောင်ချက်ကို မကြာသေးခင်ကပဲ သူတို့ရဲ့ စမတ်ဖုန်းတချို့မှာ ထည့်သွင်းလာကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ရတာရဲ့ ဖြစ်နိုင်တဲ့ အကြောင်းတချက်ကတော့ App တွေ တနေ့တခြား ကြီးမားလာကြပြီး အသုံးပြုဖို့ လိုအပ်တဲ့ Resource တွေဟာလည်း များလာပါတယ်။ ဒီထဲမှာ RAM လိုအပ်ချက် ပိုများလာလည်း ပါဝင်ပါတယ်။ အထက်က ပြောခဲ့သလို RAM တွေဟာ Internal Storage တွေထက် အဆများစွာပိုမြန်ပါတယ်။ အဲ့ဒီလိုပဲ စျေးလည်း ပိုကြီးပါတယ်။ စျေးသက်သာတဲ့ စမတ်ဖုန်းတွေမှာ RAM တွေပိုထည့်ရရင် စျေးသက်သာနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကို ဖြေရှင်းဖို့ Virtual RAM ကို အသုံးပြုလာကြတာဖြစ်ပါတယ်။ ဒီနည်းအားဖြင့် စမတ်ဖုန်းထုတ်လုပ်မှု ကုန်ကျစရိတ်ပိုမတိုးစေပဲ RAM ပမာဏကိုလည်း ပိုများလာအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီ Internal Storage တွေမှာ အကြိမ်ရေ ဘယ်လောက်ရေးနိုင်တယ်၊ ဘယ်လောက်ဖတ်နိုင်တယ်ဆိုတာ ကန့်သတ်ချက်ရှိပါတယ်။ ဒါကြောင့် ဒီလုပ်ဆောင်ချက်ဟာ Internal Storage ရဲ့ သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။

တခုမှတ်ထားရမှာက ဒီ Virtual RAM Feature ဟာ Smartphone ထဲက Internal Storage ပေါ်ကို အချက်အလက်တွေ ရေးတာ၊ ဖတ်တာ အဆက်မပြတ်လုပ်ဆောင်နေရပါတယ်။ ဒါဟာ Internal Storage လို့ခေါ်တဲ့ Flash Memory အတွက်တော့ ကောင်းတဲ့ အချက်မဟုတ်ပါဘူး။ ဒီ Internal Storage တွေမှာ အကြိမ်ရေ ဘယ်လောက်ရေးနိုင်တယ်၊ ဘယ်လောက်ဖတ်နိုင်တယ်ဆိုတာ ကန့်သတ်ချက်ရှိပါတယ်။ ဒါကြောင့် ဒီလုပ်ဆောင်ချက်ဟာ Internal Storage ရဲ့ သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါဆိုရင် ဒီ Virtual RAM လုပ်ဆောင်ချက်ကို သုံးသင့်သလားမေးလာရင် မသုံးသင့်ဘူးလို့ပဲ ဖြေရပါလိမ့်မယ်။ ဒါကို သုံးလို့ ရလာတဲ့ အကျိုးကျေးဇူးထက် ဆိုးကျိုးက ပိုများနိုင်ပါတယ်။ ဒါကြောင့်မို့ပဲ Google ကိုယ်တိုင်က ဒီလုပ်ဆောင်ချက်ကို Android မှာ ထည့်သွင်းမထားခြင်းဖြစ်ပါတယ်။ ဒီအကြောင်းကို Android Developer Page မှာလည်း ပြောထားပါတယ်။

Virtual RAM လုပ်ဆောင်ချက်ဟာ App တွေ ပိုပြီး Run နိုင်ဖို့ RAM Space ပိုရအောင် လုပ်ဆောင်ပေးနိုင်ပေမယ့် ဒီအတွက် Internal Storage ရဲ့ သက်တမ်းကို တိုသွားစေပါတယ်။ ဖုန်းတလုံးကို ၂ နှစ်ထက်ပိုပြီး သုံးမယ်လို့ စဉ်းစားထားရင်တော့ ဒီ Virtual RAM လုပ်ဆောင်ချက်ကို မသုံးသင့်ပါဘူး။

Exit mobile version